မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ၊ မြန်မာနိုင်ငံငလျင်ကော်မတီ
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၅၄ စက္ကန့်အချိန်၌ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေးမြို့များ အနီး ဗဟိုပြု၍ ပမာဏ (၇.၇)အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ပါသည်။ ၎င်းငလျင်ကြီး သည် စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်း တလျှောက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းငလျင်ကြီးနှင့်အတူ နောက်ဆက်တွဲ ငလျင်ငယ်များသည်လည်း စစ်ကိုင်းပြတ်ရွေ့ တလျှောက်ရှိ လယ်ဝေးမြို့၊ နေပြည်တော်၊ ဖြူးမြို့၊ တောင်ငူမြို့ စသည့်မြို့ များအနီး ဆက်လက်၍ လှုပ်ခတ် လျက်ရှိပါသည်။ မြေသားပြတ်ရွေ့မှု ရှည်လျားကျယ်ပြန့် နေသည့်အတွက် အလားတူ ငလျင်ကြီးများ ဆက်လက် ဖြစ်ပေါ် နိုင်ပါသည်။ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်း နှင့် တောင်ပိုင်း တလျှောက်ရှိ ဒေသများ၏ မြို့ကြီးများ ဖြစ်သော ရွှေဘိုမြို့၊ မန္တလေးမြို့၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တောင်ငူမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့ စသည့်မြို့ကြီးများ နှင့် အနီး ပတ်ဝန်းကျင် ဒေသများရှိ ပြည်သူများ အနေဖြင့် သတိပြုနေထိုင်သင့်ပါသည်။
၂။ ငလျင်ကြောင့် ထိခိုက်ပျက်စီးထားသော အဆောက်အအုံများသည် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ချိန်တွင် ပိုမို ထိခိုက်ပျက်စီးနိုင်ပါသဖြင့် လတ်တလော ဝင်ရောက်နေထိုင် အသုံးပြုခြင်းကို ရှောင်ရှား သင့်ပါသည်။ အဆိုပါ အဆောက်အအုံများကို နားလည်တတ်ကျွမ်းသော အင်ဂျင်နီယာများဖြင့် ဘေးကင်း လုံခြုံကြောင်း စနစ်တကျ စစ်ဆေးစိစစ် ပြီးမှသာ ပြန်လည် အသုံးပြုနေထိုင်သင့်ပါသည်။
၃။ ယခုလှုပ်ခတ်ခဲ့သောငလျင်ကြီးကြောင့် ထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ပမာဏ ကြီးမားမည် ဖြစ်ပါသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အဆောက်အအုံများစစ်ဆေးစိစစ်ပြီး လိုအပ်သလို ပြုပြင်ခြင်း လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများ စသည်တို့တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီအနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ ယခုထုတ်ပြန်ချက်သည် ယနေ့ လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးနှင့်ပတ်သက်သည့် ပထမအကြိမ် အသိပေးထုတ်ပြန်ချက် ဖြစ်ပြီး ထူးခြားမှုများ၊ အသိပညာပေးမှုများကို အခြေအနေပေါ်မူတည်၍ အခါအားလျော်စွာ ဆက်လက် အသိပေးထုတ်ပြန်သွားမည် ဖြစ်ပါသည်။
